မိန်းကလေးတိုင်းသိကို သိထားရမယ့် လစဉ်ဓမ္မတာ မမှန်ရခြင်းအကြောင်းရင်း(၄)မျိုး


ပျိုမေတို့အတွက်အရေးတကြီးသိသင့်တဲ့ ကျန်းမာရေးအကြောင်းအရာတွေထဲမှာ လစဉ်ဓမ္မတာ ကိစ္စကလည်း မပါမဖြစ်ပါပဲ။ လစဉ်ပုံမှန်ဖြစ်ပေါ်တတ်တဲ့ ဓမ္မတာလာတာက ကိုယ်ဝန်ရှိတဲ့အချိန်မှာ ရပ်သွားတတ်တာ သဘာဝပါ။ ဒါပေမယ့် ကိုယ်ဝန်မရှိဘဲနဲ့ ဓမ္မတာမလာဘဲ ထိန်နေတာ၊ လ ကျော်သွားတတ်တာမျိုးတွေလည်း ဖြစ်တတ်ပြီး ဘာကြောင့်အဲ့ဒီလိုဖြစ်တာလဲဆိုတာကိုတော့ ပျိုမေတို့ သေသေချာချာမသိကြပါဘူး။ ဒါကြောင့် ပျိုမေတို့ဓမ္မတာ ပုံမှန်မလာရခြင်း၊ထိန်နေရခြင်း အကြောင်းရင်းတွေကို သိထားပြီး ဆင်ခြင်လို့ရအောင်၊ အဲ့ဒီပြဿနာကိုဖြေရှင်းလို့ရအောင် အခုဖော်ပြမယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။


(၁) စိတ်ဖိစီးမှု


စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာကိုယ်ထဲက ဟော်မုန်းထုတ်လွှတ်မှု ကမောက်ကမ ဖြစ်လာပါတယ်။ ကော်တီဇော ဟော်မုန်းထုတ်လွှတ်မှု အလွန်အကျွံ များလာတဲ့အခါမှာ သားအိမ်ထဲမှာ သားဥကြွေတဲ့ ဖြစ်စဉ်ကိုထိခိုက်လာပြီး ဓမ္မတာမလာဘဲ ထိန်သွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်လို့ ဓမ္မတာမလာတဲ့အခါ ဒီရက်ပိုင်း စိတ်ဖိစီးမှုများနေလားဆိုတာလေးကို စဉ်းစားကြည့်လိုက်ပြီး စိတ်အပန်းဖြေတာမျိုး လုပ်ပေးလိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ။


(၂) ကိုယ်အလေးအချိန် အပြောင်းအလဲဖြစ်ခြင်း


ကိုယ်အလေးချိန်ရုတ်တရက်ထိုးတက်လာတာမျိုး၊ ရုတ်တရက် ကျသွားတာမျိုးကလည်း ဓမ္မတာဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်တက်ချင်လို့ပဲဖြစ်ဖြစ်၊ ကျချင်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်လိုက်မိတယ်ဆိုရင် ပုံမှန်ဓမ္မတာလာတဲ့အချိန်မှာ မလာတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေ၊ ကိုယ်အလေးချိန် တက်ဖို့ ၊ ကျဖို့ အတွက် အစားအလွန်အကျွံလျှော့တာတွေကို ဆင်ဆင်ခြင်ခြင်လုပ်သင့်ပါတယ်။


(၃) ဆေးဝါးတွေကြောင့်


နောက်တစ်ချက်ကတော့ သင်ဟာ ကျန်းမာရေးအတွက် ဆေးဝါးတွေမှီဝဲနေရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဆေးဝါးတွေကိုပုံမှန်သောက်နေရတဲ့သူဆိုရင်လည်း ရာသီစက်ဝန်းမှာထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ သန္ဓေတားဆေးကြောင့်လည်း ဖြစ်နိုင်တာမို့ သားဆက်ခြားချင်ရင် တခြားနည်းလမ်းသုံးတာ ပိုကောင်းပြီး သန္ဓေတားဆေးကိုတော့ အရေးပေါ်အခြေအနေမှာမှသုံးသင့်ပါတယ်။


(၄) ဖျားနာခြင်းကြောင့်


ရာသီအကူးအပြောင်းကြောင့်ဖျားနာတာမျိုး၊ နာတာရှည်ရောဂါတစ်ခုခုရှိနေတာမျိုးကြောင့်လည်း ဓမ္မတာမလာဘဲ ကျော်သွားတတ်ပါတယ်။ ခန္ဓာကိုယ်က အရမ်းအားနည်းနေတဲ့အခါ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့နေတဲ့အခါမျိုးမှာ ဟော်မုန်းပမာဏပုံမှန်မဟုတ်တော့ဘဲ ဓမ္မတာမလာအောင် တားဆီးလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် အမျိုးသမီးလေးတွေအနေနဲ့ ခန္ဓာကိုယ်အလှထက် ခန္ဓာကိုယ်ကျန်းမာဖို့ကပိုအရေးကြီးတယ်ဆိုတာကို အမြဲသတိရှိသင့်ပါတယ်။ ကျန်းမာလှပတဲ့ပျိုမေလေးတွေဖြစ်ကြပါစေနော်။

MAY THAZINHTOO

Credit - Aunty May

Post a Comment

0 Comments