အစာအိမ်အနာ ရောဂါနှင့် ပတ်သက်၍ သိသင့်သည်များ..


အစာအိမ်အနာဟာ အစာအိမ်ရဲ့ အမြှေးပါးအတွင်းမှ နာကျင်တဲ့ အနာလေးတွေဖြစ်ပါတယ်။ အစာအိမ်ကို အကာအကွယ်ပေးထားတဲ့ ထူထပ်တဲ့ အမြှေးပါးက အစာခြေရည်တွေကြောင့် ပါးလွှာ လာပါတယ်။

ဒီအခါမှာ အစာခြေ အက်စစ်တွေက အစာအိမ်ရဲ့ နံရံမှ တစ်သျှူးတွေကို တိုက်စားသွားရာမှ အစာအိမ် အနာဖြစ် ပေါ်လာပါတယ်။ အစာအိမ်အနာက များသောအားဖြင့်အစာအိမ်မှာသာ ဖြစ်တတ်ပေမယ့် အူသိမ်ဦးပိုင်း ဒါမှမဟုတ် အစာမျိုပြွန်မှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်အနာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။

 လူ ၁၀ယောက်မှာ တစ်ယောက်နှုန်းက တစ်ချိန်ချိန်မှာ အစာအိမ်အနာရဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အစာအိမ် အနာဖြစ်ရတဲ့ အကြောင်းရင်းက အကြောင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းအတွင်းမှာရှိတဲ့ အစာခြေ ရည်တွေ ညီညွတ်မျှတမှု မရှိတဲ့အခါ အစာအိမ်အနာ ဖြစ်တယ်လို့ သုတေသီတွေက ထုတ်ဖော်ကြပါတယ်။ အစာအိမ် အနာအများစုက H Pylori ခေါ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။

စတီးရွိုက် မပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အသုံးပြုပါများတာနဲ့ အစာအိမ်အတွင်း အက်စစ်ထုတ်လုပ်မှု များတာကြောင့်လည်း အစာအိမ်အနာ ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စိတ်ဖိစီးမှုများတာဟာ အစာအိမ် အက်စစ် ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တဲ့အတွက် အစာအိမ်အနာ ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမဲ့ စိတ်ဖိစီးမှုများတာက အစာအိမ်အနာ ဖြစ်ရတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ သူက အစာအိမ်အနာ ဖြစ်နိုင်ခြေများတဲ့ အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများတာအပြင်အရက် အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ မိသားစုမျိုးရိုးထဲမှာ အစာအိမ် အနာရောဂါရှိတာ၊ အသက် ၅၀ ကျော်တာနဲ့ အစာအိမ် အနားတစ်ဝိုက်ကို ဓာတ်ကင် ကုထုံးခံယူသူတွေမှာလည်း အစာအိမ်အနာ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

အစာအိမ်အနာ ဖြစ်လာခဲ့ရင် ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသဘဲ ထားခဲ့ရင် အစာအိမ် အက်စစ်တွေက အစာအိမ်နံရံကို တိုက်စားသွားနိုင်ပြီး အစာအိမ် ပေါက်တာနဲ့ အစာအိမ်သွေးယို စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာအိမ်အနာရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အောက်ပါ အချက်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

အစာအိမ်နေရာတွင်နာကျင်ခြင်း

အစာအိမ်အမြှေးပါးပေါ်မှာ အနာရှိနေတာကြောင့် ဗိုက်နာတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ချက်နဲ့ နံရိုးအောက် ကြားနေရာမှာ နာကျင်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

အနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မိနစ်အနည်းငယ်ကနေ နာရီ အတော်ကြာအထိ နာကျင်နေနိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိတဲ့ အချိန် ညဘက်ပိုင်းမှာ နာကျင်မှုဝေဒနာက အဆိုးရွားဆုံးဖြစ်ပြီး အစာအနည်းငယ်စားပြီးနောက်ပိုင်း ဒါမှမဟုတ် လေဆေးသောက်ပြီး နောက်ပိုင်း နာကျင်တာ ယာယီ သက်သာသွားနိုင်ပါတယ်။

ရင်ပူခြင်း

အစာအိမ်အနာနဲ့ ဆက်စပ်နေတဲ့ အက်စစ်တွေက အပေါ်ကို ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ လေဆေးသောက်တာ ဒါမှမဟုတ် ရေသောက်လိုက်တာကြောင့် ရင်ပူတာ သက်သာသွားနိုင်ပါတယ်။ သင် ဘာပဲစားစား ရင်ပူတာ ဆက်ဖြစ်နေတာကတော့ အစာအိမ် အနာဖြစ်နေတဲ့ လက္ခဏာပါ။ ရင်ပူတာနဲ့အတူ အစာစားပြီး နောက်ပိုင်း အလွန်အမင်း ကြို့ထိုးတာတွေ၊ လေလည်တာတွေလည်း ဖြစ်တတ်ပါတယ်။



လေပွခြင်း

လေပွတာကလည်း အစာအိမ်အနာ ဖြစ်တာရဲ့ စောစောစီးစီး လက္ခဏာတစ်ခုပါ။ အထူးသဖြင့် ဝမ်းဗိုက်နေရာမှာပါ။ လေပွတာနဲ့အတူ ဘာမှ မစားဘဲ ပုံမှန်ထက် လေလည်နေတာလည်း ဖြစ်တတ်ပါတယ်။ မကြာခဏ လေပွတတ်တာကို တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အစာမကြေခြင်း

အစာအိမ်အနာကြောင့် အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေရဲ့ ပုံမှန်အလုပ်တွေ အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် အစာမကြေရတာ ဖြစ်ပါတယ်။

ပျို့အန်ခြင်း

အနာက တဖြည်းဖြည်း ကြီးလာတဲ့အခါမှာ အစာခြေရည်ရဲ့ ပမာဏတွေလည်း လျော့နည်းသွားပြီး အစာမကြေတာနဲ့အတူ ပျို့ချင် အန်ချင်တာတွေ ဖြစ်လာတတ်ပါတယ်။ များသောအားဖြင့် အစာအိမ်ထဲမှာ အစာမရှိတဲ့ မနက် အိပ်ရာထချိန်မှာ ပျို့အန်ချင်နေတတ်ပါတယ်။ ပျို့အန်နေတာက ရက်ကြာရှည်ခဲ့ရင် ဆရာဝန်နဲ့ ပြကို ပြသရမယ့် အခြေအနေပါ။

အစာစားချင်စိတ် လျော့နည်းခြင်

အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ် လျော့နည်း သွားတတ်ပါတယ်။ ဗိုက်နာနေတဲ့ အတွက်ကြောင့်ပါ။ တစ်ခါတလေမှာ အစာစားပြီး ရုတ်တရက် ဗိုက်နာတတ်တဲ့အတွက် အစာစားရမှာကို ကြောက်နေတာကြောင့်လည်း စားချင်စိတ် မရှိတော့တာပါ။

အဆီများသော အစာမစားနိုင်ခြင်း

အဆီများတဲ့ အစာစားပြီး ဗိုက်အောင့်နေတတ်တာက သည်းခြေကျောက်နဲ့ ဆက်စပ်နေပေမယ့် အစာအိမ် အနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစာအိမ်အနာ

ဖြစ်နေသူတွေအနေနဲ့ အဆီများတဲ့အစာကို ရှောင်ရှားတာက အကောင်းဆုံးပါ။ အဆီစာတွေက အက်စစ်ထုတ်လုပ်မှုကို များစေနိုင်တဲ့အတွက် အစာအိမ်အမြှေးပါးကို တိုက်စားနိုင်တာကြောင့်ပါ။ ဒါ့အပြင် အက်စစ် ထုတ်လုပ်မှုများစေတဲ့ ကော်ဖီ၊ ဆော်ဒါဖျော် ရည်နဲ့ အရက်တွေကိုလည်း ရှောင်သင့်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းခြင်း

အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ် မရှိတာနဲ့အတူ ပျို့တာအန်တာတွေပါ ဖြစ်နေတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းသွားနိုင်ပါတယ်။ တချို့တလေမှာတော့ ပုံမှန်စားနေကျ ပမာဏအတိုင်း စားနေပေမယ့်လည်း ကိုယ်အလေးချိန် ကျဆင်းသွားတတ်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါပြီ။

ဝမ်းအရောင်ပြောင်းလဲခြင်း

ဝမ်းအရောင် ပြောင်းတာကလည်း အစာအိမ်အနာရဲ့ သေချာတဲ့ လက္ခဏာတစ်ခုပါပဲ။ သင်သွားတဲ့ ဝမ်းအရောင်က ညိုမည်းနေပြီး ကတ္တရာစေးလို စေးကပ်နေရင်တော့

ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ အစာအိမ် အနာကြောင့် အစာအိမ်အတွင်း သွေးယိုစီးမှု ဖြစ်နေခဲ့ရင် ဝမ်းအရောင်ကလည်း အဝါနုရောင်ကနေ အမည်းရောင်အထိ ပြောင်းလဲသွားနိုင်ပါတယ်။ အနာက ထွက်နေတဲ့ သွေးတွေက အူထဲက အစာခြေအင်ဇိုင်းတွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အရောင်ပြောင်းလဲသွားတာပါ။

သွေးအန်ခြင်း

ဝမ်းဗိုက်နာတာနဲ့အတူ သွေးတွေပါ အန်နေတာက သင်ရဲ့ အစာအိမ်အနာ အခြေအနေ ဆိုးရွားနေတဲ့ လက္ခဏာ ဖြစ်တဲ့အတွက် လျစ်လျူရှု မထားသင့်ပါဘူး။ ကော်ဖီ ရင့်ရောင်လိုမျိုးလည်း အန်တတ်ပါတယ်။ အစာအိမ်မှ အနာတွေက သွေးကြောအထိ ရောက်သွားတဲ့အတွက် သွေးကြော ပေါက်သွားတဲ့ လက္ခဏာပါ။ အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

အထက်ပါ လက္ခဏာတွေထဲက သင့်မှာ အနည်းငယ်ရှိနေခဲ့ရင် ဆရာဝန်နဲ့ စောနိုင်သမျှ အစောဆုံး ပြသကုသသင့်ပါတယ်။ ကုသမှုမခံယူဘဲ ထားတဲ့ အစာအိမ်အနာက နောက်ဆက်တွဲ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

Credit - (ဒေါက်တာခင်မိုးမိုး)


အစာအိမ် အနာ ပျောက်ကင်းစေရန်

နာတာရှည် တစ်မျိုးလဲဖြစ်ပြီး အဖန်တလဲလဲ ထပ်ခါထပ်ခါဖြစ်လေ့ ရှိတတ်သော ပြည်တည်နာသည် ချက်ချင်းလက်ငင်း ဂရုတစိုက် ကုသခြင်း မရှိပါက သွေးထွက်ခြင်း ကဲ့သို့သော ဝေဒနာများနှင့် အခြားရောဂါများကိုပါ ထပ်တိုး ဖြစ်ပေါ်စေသည်။

အစာအိမ် အနာအတွက် သဘာဝဆေးနည်းဖြစ်သော အောက်ဖေါ်ပြပါ နည်းလမ်းများ ထဲမှ မိမိနဲ့ အဆင်ပြေရာကို ရွေးချယ်သုံးစွဲပါ။

ဗိုက်တာမင် အီး ၊ ငှက်ပျောသီး၊ ပျားရည် ၊ ကြက်သွန်ဖြူ ၊ ဂေါ်ဖီထုပ် ၊ နွယ်ချို
တို့ဖြစ်ကြပါတယ်။

ဗိုက်တာမင် အီး ၃၀၀ ဂရမ်ကို နေ့စဉ် ၇ ရက် သို့မဟုတ် ၁၀ ရက် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

ငှက်ပျောသီးသည် အစာအိမ်လမ်းကြောင်း အတွင်းရှိ အချွဲရည်များကို တိုးပွားစေပြီး အစာအိမ်ကို ကာကွယ်ပေးသော အလွာတစ်ခုအဖြစ်တည်ရှိနေပြီး အနာဖြစ်ခြင်းကို ကာကွယ်ပေးသည်။ ရှိပြီးသားအနာကိုလဲ အလျှင်အမြန် ကျက်စေသည်။ တနေ့လျှင် အနဲဆုံး ၃ကြိမ် စားပါ။

ပျားရည်၏ အစွမ်းထက်ပုံ အမျိုးမျိုးကို သိရှိသူ အတော်များပါတယ်။ ဒီနေရာမှာတော့ ပျားရည်ဟာ အစာအိမ် အနာဖြစ်စေမဲ့ အန္တရယ်ဖြစ်စေသော ဘက်တီးရီးယားများကို သေစေပါတယ်။ဝေဒနာ ခံစားနေရချိန်တွေမှာ ပျားရည်ကို တစ်နေ့လျှင် ထမင်းစားဇွန်း ၂ဇွန်းသောက်ပါ။ ဝေဒနာသက်သာလာလျှင် တစ်နေ့လျှင် တစ်ဇွန်းသာသောက်ပါ။

ကြက်သွန်ဖြူဟာလည်း အစာအိမ်အနာ ဖြစ်ပေါ်စေတတ်သော ဘက်တီးရီးယားများကို ထိန်းချုပ်နိုင်သည့် အတွက် နေ့စဉ်စားသောက်သည့် အစားအစာများတွင်ထဲ့သွင်းစားသုံးသင့်သည်။ဂေါ်ဖီထုပ် ဖျော်ရည်ကို အစာအိမ် အနာနှင့် အူသိမ်ထဲတွင် ဖြစ်တတ်သော အနာများအတွက် သောက်သုံးသင့်သည်။ အစာခြေ အင်္ဂါစုအတွင်းတွင် အကျိုးပြုသော ဘက်တီးရီးယားများကို အားဖြည့်ပေးသည်။

အစာအိမ် အနာဖြစ်နေစဉ်အတွင်း နွယ်ချို အနည်းငယ်ကို ဝါး၍အရည်ကို မျိုချပါ။ (ကွမ်းဝါးသကဲ့သို့) အစာအိမ်အတွင်း အစာမရှိချိန် ဝါးလျှင်ပို၍ထိရောက်သည်။အစာအိမ် အနာသက်သာလျှင် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများ မခံစားစေရန်အတွက် နွယ်ချိုဝါးခြင်းကို ရပ်တန့်ရမည်။ သွေးတိုးရှိသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အသုံး မပြုပါနှင့်။

အစာအိမ် အနာကြောင့် ဝမ်းဗိုက်အတွင်းတွင် ပူလောင်သော ဝေဒနာ ခံစားရလျှင် သကြားမပါသော နွားနို့ကို သောက်နိုင်သည်။

နာကျဉ်နေသော ဝမ်းဗိုက်နေရာကို ရေနွေးအိပ်ဖြင့် ကပ်ပေးပါ။

ကျေးရွာများတွင် နေထိုင်သူများအတွက်ကတော့ ဆိတ်နို့ ရနိုင်လျှင် ကြိုချက်ခြင်း မပြုပဲ နေ့စဉ် အစာအိမ်နာ သက်သာသည် အထိသောက်ပေးပါ။

ဒန့်သလွန်ရွက် ၁၀ ဂရမ်ကို ထုချေ၍ ဒိန်ချဉ် ၁၀၀ ဂရမ်ခန့် ရောပြီး နေ့စဉ် အနည်းငယ် စားသုံးပါ။

အက်ဆစ်ဓာတ်များကို လျှော့ချပေးရန်အတွက် အစာအိမ် အနာခံစားရစဉ်အတွင် ရေများများသောက်ပါ။ ကော်ဖီပူ၊ လက်ဖက်ရည်ပူ၊ ကာဗွန်နိတ် ပါဝင်သော အချိုရည်များ သောက်သုံးခြင်းကို ရှောင်ရမည်။

စိတ်လှုပ်ရှားခြင်း ဒေါသထွက်ခြင်းတို့ကိုသည် အစာအိမ် အနာကို ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် ထိန်းချုပ်နိုင်ရန်အတွက် တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်းများ ပြုလုပ်ပေးပါ။

အစာအိမ် အနာအတွက် အစွမ်းထက်သော ပဋိဇီဝဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘေးထွက်ဆိုးကျိုးတွေ အတူတွဲ ပါလေ့ရှိကြသည်။

ဖေါ်ပြခဲ့သော သဘာဝ ဆေးတွေကတော့ ဘေးထွက် ဆိုးကျိုးနဲနဲနှင့် အစာအိမ်နာကို သက်သာစေရန်၊ ပျောက်ကင်းစေရန်သာ မကပဲ ရေရှည်မှာပါ ကျန်းမာစွာဖြင့် နေထိုင်သွားနိုင်ပါတယ်။

Credit - DATA Doctor

Post a Comment

0 Comments