စပျစ်သီး သန္ဓေတည်ခြင်းဆိုတာဘာလဲ ဘယ်လိုကာကွယ်မလဲ ???


       ဒီတစ်ခါမှာတော့ မမဗိုက်တို့ သတိထားစရာတစ်ခု ဖြစ်တဲ့ သားအိမ်တွင်း စပျစ်သီး သန္ဓေတည်ခြင်းဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ် …
စပျစ်သီးသန္ဓေတည်ခြင်းဟာ ပုံမမှန်တဲ့ မျိုးဥမှ ပေါက်ဖွားခြင်း၊ မျိုးဥသနွေမအောင်ခြင်း (သို့) အချင်းတွင်း၌ တစ်သျှူးများ ကြီးထွားမှုလွန်ကဲခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်…

စပျစ်သီး သန္ဓေတည်ခြင်းဟာ

ယခင် ကိုယ်ဝန် ပျက်ကျထားဖူးသူများ
သန္ဓေသား နေရာမမှန်ခြင်း ရှိထားဖူးသူများ
အသက်ငယ်လွန်း(သို့) ကြီးလွန်းတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုအဖြစ်များပါတယ်
ကိုယ်ဝန်ရင့်ပြီး သားအိမ်တွင်း အသက်ရှင်သန်နေသော ကလေးရှိပါက စပျစ်သီး သန္ဓေတည်ဖို့ ရာခိုင်နှုန်းနည်းပါပါတယ်.. သို့သော် အဆိုပါကိုယ်ဝန်တွင် စပျစ်သီးသန္ဓေတည်ပါက ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်…

ဘယ်လို သတိပြုနိုင်မလဲ ?

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတယ်ထင်ရပေမယ့် …သားအိမ်ဟာ ပုံမှန်ကြီးထွားနှုန်းထက် ပိုမယ်.. ကိုယ်ဝန်ဆောင်လနဲ့ ဗိုက်ပူတာ မကိုက်ညီပဲ ဗိုက်ပိုပူမယ်..
ပျို့အန်ခြင်း၊သွေးဆင်းခြင်း၊သွေးပေါင်ချိန်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်
မိန်းမကိုယ်မှ အရည်ဆင်းနိုင်ပါတယ်… ထိုအရည်ထဲတွင် စပျစ်သီးကဲ့သို့ တစ်သျူးစများ၊ပူဖောင်းအဖုအလုံးလေးများ ပါလာနိုင်ပါတယ်..
ဒီလိုလက္ခဏာတွေ တွေ့ရပီဆိုပါက ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်… သို့မဟုတ်ပါက
စပျစ်သီးသန္ဓေသားမှတဆင့် သားအိမ်ကို ရောဂါပိုးကူးနိုင်ပါတယ်

ထိုပြင် ခန္ဓာကိုယ်တွင်း တခြားနေရာများကို ရောဂါပိုး ပြန့်နှံ့ခြင်း
သွေးပေါင်ချိန်အလွန်အမင်းကျ၍ ရှော့ခ်(shock)ရခြင်း
ဆီးထဲတွင် ပရိုတင်းဓာတ်များကာ သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်း အစရှိတာတွေ ဖြစ်ကာ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်..

ဘယ်လို test တွေ လုပ်ပီး အတည်ပြုနိုင်မလဲ ?

ကိုယ်ဝန်ရှိသော်လည်း ကလေးမလှုပ်ခြင်း၊နှလုံးခုန်သံ မကြားရခြင်း
အာထရာဆောင်းရိုက်ခြင်း၊
သွေးတွင်း (hCG)ဓာတ်ခြင်း
အသားစ အဖြေစစ်ခြင်း အစရှိတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်

ဘယ်လိုကုသမလဲ?

စပျစ်သီးသန္ဓေသားကို သားအိမ်ခြစ်၍ ကုသနိုင်ပါတယ်
သားအိမ်ခြစ်ထားသော်လဲ မသက်သာပါက ဓာတုကုထုံးဖြင့် ဆက်လက် ကုသရပါမယ်

စပျစ်သီး သန္ဓေတည်ခြင်းဟာဆိုရင် ကင်ဆာအဆင့်မဟုတ်တာကြောင့်မို့ အမြန်ဆုံးသိရှိပြီး ကုသပါက ရာနှုန်းပြည့်ပျောက်ကင်းနိုင်ပါတယ်.. သို့သော် သားအိမ်တွင်း ပျံ့နှံ့ပြီး (သို့) ခန္ဓာကိုယ်တွင်း ပျံ့နှံ့ပြီးပါက ကင်ဆာ အဆင့်ကို ကူးပြောင်းနိုင်ပါသေးတယ်..

ဒါကြောင့်မို့ မမဗိုက်တို့အနေဖြင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်း မိမိ၏ ကျန်းမာရေး အခြေအနေကို အမြဲ ဂရုစိုက်သင့်ပါတယ်.. ပုံမမှန်သော လက္ခဏာများ တွေ့ရှိပါက ဆရာဝန်အမြန်ပြသင့်ပါကြောင်း တိုက်တွန်းရင်း …..

Credit - ပိုင်နီမောင်
MSDmanuals
BridgingMyanmarToHealthierSociety

Post a Comment

0 Comments